
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၂ ရက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျာင်းခွဲ (မြက်တို) သို့ သွားရောက်၍ ကျောင်းခန်းမ၌ ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသည့် ကျောင်းသားကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှု၊ ကျောင်းအုပ်ချုပ်မှု အဖွဲ့ အစီအစဉ်ဖြင့် နိုင်ငံသားကတ်အတွက် ဓာတ်ပုံရိုက်ကူးနေမှု၊ မြို့နယ်အဆင့် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဝန်ထမ်းများက နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID တစ်ပါတည်း ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကာ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင်ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းပြီး နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေးလိုအပ်ချက်ဖြစ်သည့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းနှင့် UID ကောက်ယူဆောင်ရွက်ခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး၊ ယင်းသို့ဆောင်ရွက်ရာတွင် ရုံးသို့လုပ်ငန်းများ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအနေဖြင့် စိုးရွံ့မှုမရှိစေရေးအတွက် ယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ လိုအပ်ချက်များကို ဥပဒေနှင့်အညီ ရှင်းလင်းပြောကြားဆောင်ရွက်ပေးရေး၊ ကျောင်းများကို ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ကျောင်းများမှတာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းကာ ကျောင်းအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏကို တွက်ချက်၍ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုယ်ချင်းစာတရားထားကာ အဂတိတရားကင်းရှင်းစွာဆောင်ရွက်ရေး၊ တာဝန်ရှိသူအဆင့်ဆင့်ကလည်း လက်အောက်ဝန်ထမ်းများအပေါ် စနစ်တကျကွပ်ကဲကြပ်မတ်ဆောင်ရွက်ကြရန်နှင့် အထက်အောက် အပြန်အလှန်လေးစားမှု၊ အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။




