ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ဧရာဝတီတိုင်းဒေသကြီးအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား တက်ရောက်၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံသားကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးနေမှုအား ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ဧရာဝတီတိုင်းဒေသကြီးအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား တက်ရောက်၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံသားကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးနေမှုအား ကြည့်ရှုအားပေး။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဧရာဝတီတိုင်းဒေသကြီးအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ဇွန်လ ရက်၊ ယနေ့နံနက် နာရီခွဲက ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ စာရင်းအင်းဆိုင်ရာ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက ကောက်ယူခဲ့သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်များကိုအခြေခံကာ ရှေ့ပြေး လူဦရေစာရင်း၊ ပြည်ထောင်စုအစီရင်ခံစာ၊ အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားပါဝင်သည့် အစီရင်ခံစာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သန်းခေါင်စာရင်းအစီရင်ခံစာများ ထုတ်ပြန်နိုင်ရေးအတွက် ဦးစားပေးအလိုက် ရေးသားပြုစုကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဧရာဝတီတိုင်းဒေကြီးအစီရင်ခံစာ ထုတ်ပြန်ခြင်းဖြင့် တိုင်းဒေသကြီး၏စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များအတွက် အထောက်အကူပြုသည့် အစီအမံများ၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အစီရင်ခံစာပါ အချက်အလက်များကို ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းအစီရင်ခံစာတွင် ဧရာဝတီတိုင်းဒေသကြီး၏ လူဦးရေဆိုင်ရာအချက်အလက်များအပြင် ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း စသည့် အကြောင်းအရာများနှင့်ပတ်သက်သည့် အခန်းကဏ္ဍများစုံလင်စွာပါဝင်သည့်အတွက် ဒေသတွင်း လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြနှင့်ကျေးလက်အလိုက် လူဦးရေအခြေအနေ၊ ပညာရေးအဆင့်အတန်း၊ လုပ်သားအင်အားနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း စသည်တို့ကို ထင်ဟပ်ပေါ်လွင်စွာ သိရှိနိုင်ပါကြောင်း၊ ယင်းအချက်အလက်များအပေါ် မူတည်၍ နယ်မြေဒေသအလိုက် လိုအပ်ချက်များကို ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် မူဝါဒများ ရေးဆွဲချမှတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ထုတ်ပြန်သည့် သန်းခေါင်စာရင်းအစီရင်ခံစာတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝအခြေအနေများ၊ လူနေမှုအဆင့်အတန်းများကို တိုက်ရိုက် ဖော်ထုတ်ပြသနေသည့် အချက်အလက်များဖြစ်သည့်အတွက် စီမံကိန်းရေးဆွဲသူများ၊ အချက်အလက်အသုံးပြုသူများက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိအသုံးပြု ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့မှုနှင့် ယခုထုတ်ပြန်သည့် တိုင်းဒေသကြီး အစီရင်ခံစာပါ အချက်အလက်များကိုအခြေခံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းက သန်းခေါင်စာရင်း အချက်အလက်များအပေါ်အခြေခံကာ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရေးနှင့် ဧရာဝတီတိုင်းဒေသကြီးအစီရင်ခံစာနှင့် ပတ်သက်၍ ဖော်ထုတ်ရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီးအစီရင်ခံစာများကို လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့သို့ သွားရောက်၍ လပွတ္တာမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူခြင်းလုပ်ငန်းအား လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရုံးအဝင်၌ ဧည့်ကြိုကောင်တာ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး နားနေဆောင်၌ လုပ်ငန်းလာရောက်ဆောင်ရွက်သည့် ပြည်သူများအား တွေ့ဆုံနှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးခန်းအတွင်း ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရရှိသေးသူများ၊ ပျောက်ဆုံး/ ပျက်စီးသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းဆိုင်ရာကိစ္စရပ်များ လာရောက်ဆောင်ရွက်သူများကို လုပ်ထုံးလုပ်နည်းနှင့် စိစစ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူ တစ်ပါတည်းဆောင်ရွက်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်သူ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုနှင့် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား စာရွက်စာတမ်း၊ ရုံးအသုံးအဆောင်ပစ္စည်းများလုံခြုံမှုရှိစေရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းရေးတို့အတွက် အမြဲဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြို့နယ်ရုံးဝန်ထမ်းများအတွက်  ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။