
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဇွန်လ ၅ ရက်က PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ လက်လုပ်ချိန်ကိုက်ဗုံးဖြင့် မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဗုံးစထိမှန် ပျက်စီးသွားသည့် ရုံးအဆောက်အဦ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်းရှိ ပြည်သူများ နားနေဆောင်တွင် ယာယီရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား နှုတ်ဆက်အားပေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား တာဝန်ရှိသူများက မြို့နယ်ရုံးအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူဆောင်ရွက်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေချိန် ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် ဝန်ထမ်းများနှင့် လုပ်ငန်းလာရောက် ဆောင်ရွက်ကြသည့် အရပ်သားပြည်သူများထိခိုက်ဒဏ်ရာရရှိမှု၊ ရုံးအဆောက်အဦ၊ ရုံးသုံးပစ္စည်းနှင့် စာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗုံးစထိမှန်ပျက်စီးသွားသည့် ရုံးအဆောက်အဦအား ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရုံးအဆောက်အဦနှင့် ရုံးသုံးပစ္စည်းများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ ထိခိုက်ဒဏ်ရာရဝန်ထမ်းများနှင့် အရပ်သားပြည်သူများ ဒဏ်ရာသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားသည့်အခြေအနေနှင့် ၎င်းတို့အား ထောက်ပံ့ပစ္စည်းများ ပံ့ပိုးဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင် ၍ ရုံးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေး၊ ဒဏ်ရာရဝန်ထမ်းများအား ဒဏ်ရာသက်သာ ပျောက်ကင်းသည်အထိ အနားပေးထားရန်နှင့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူ၍ လုံခြုံရေးသတိရှိရှိဖြင့် ဆောင်ရွက်ကြရေး မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးခန်းမ၌ စစ်ကိုင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ပြည်သူတို့အတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြား မရရှိသေးသူများ၊ ပျက်စီး/ပျောက်ဆုံးသူများနှင့် အသက်(၁၀) နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားကတ်ပြားနှင့် UID ကောက်ယူထုတ်ပေးခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး ယင်းသို့ဆောင်ရွက်ရာတွင် ရုံးတိုင်း၌ လုံခြုံရေးစစ်ဆေးမှုနှင့် ဧည့်ကြိုကောင်တာများ စနစ်တကျထားရှိဆောင်ရွက်ရေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေး၊ စစ်ကိုင်းမြိုနယ်ရုံးဖြစ်စဉ်ကဲ့သို့ ဖြစ်စဉ်မျိုး နောက်ထပ် ထပ်မံမဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေးမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းခရိုင်နှင့်မြို့နယ်ရုံး အသီးသီးမှ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စေတနာရှင်ပြည်သူတစ်ဦးမှ စစ်ကိုင်းမြို့နယ်ရုံးအတွက် လှူဒါန်းသည့် ထောက်ပံ့ငွေများကို ခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ဗုံးစထိမှန်ဒဏ်ရာရရှိသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများက လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။




