
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၁၁ ရက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျာင်းသို့ သွားရောက်၍ ကျောင်းခန်းမ၌ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသားကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ဆရာမိဘအသင်းမှတာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှု၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အစီအစဉ်ဖြင့် နိုင်ငံသားကတ်အတွက် ဓာတ်ပုံရိုက်ကူးနေမှု၊ မြို့နယ်အဆင့် (၅)ဦး ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဝန်ထမ်းများက နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အတူ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID တစ်ပါတည်း ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင်ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်၍ မိဘဆရာအသင်းမှလည်း ကျောင်းသား/ကျောင်းသူများအား အချိုရည်နှင့်မုန့်များ ဝေငှပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဇွန်လ ၁၀ ရက် ယမန်နေ့ ညနေပိုင်းကလည်း အောင်မြေသာစံမြို့နယ်ရှိ ဧည့်ရိပ်သာခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ဝန်ကြီးဌာန၏ လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းနှင့် UID ကောက်ယူ ဆောင်ရွက်ခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး၊ လာရောက်ဆောင်ရွက်သူပြည်သူများအနေဖြင့် လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရေး၊ ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ လိုအပ်ချက်များကို ဥပဒေနှင့်အညီ ရှင်းလင်းပြောကြား ဆောင်ရွက်ပေးရေး၊ ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ကျောင်းအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏကို တွက်ချက်၍ တာဝန်ရှိသူများနှင့်ကြိုတင်ညှိနှိုင်းကာ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ချင်းစာတရားထားကာ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရေး၊ လုပ်ငန်းဆောင်ရွက်မှုတိုင်းနှင့် နေထိုင်သွားလာဆောင်ရွက်မှုတိုင်း လုံခြုံရေးအမြင်ရှိကြရန်နှင့် ထူးခြားမှုရှိပါက တာဝန်ရှိသူအဆင့်ဆင့်သို့ ချက်ချင်းသတင်းပို့ ဆောင်ရွက်ရေး၊ တာဝန်ရှိသူအဆင့်ဆင့်ကလည်း လက်အောက်ဝန်ထမ်းများအပေါ် စနစ်တကျ ကွပ်ကဲကြပ်မတ် ဆောင်ရွက်ကြရန်နှင့် အထက်အောက် အပြန်အလှန် လေးစားမှု၊ အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။




