
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင်ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ ၁၂ ရက်၊ ယနေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ သွေးလှူဘဏ် ခန်းမဆောင်၌ ကျင်းပရာ မွန်းလွဲပိုင်းတွင် အဆိုပါအခမ်းအနားကျင်းပရာသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြပြီး ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းကြမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစား ခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြု မှတ်တမ်းတင်ဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ခန်းမအတွင်း၌ သွေးလှူဒါန်းနိုင်ရေး စစ်ဆေးပြီးစီးသည့် ဝန်ထမ်းများ သတ်မှတ်နေရာများအလိုက် စုပေါင်းသွေးလှူဒါန်းနေမှု အခြေအနေကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သွေးအလှူရှင်ဝန်ထမ်းများအား အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများကို အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နေပြည်တော်ပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေကျပ် (၁၅) သိန်း ကိုပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူပြီးနောက် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအသုံးပြုနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက နှစ်ပတ်လည်နေ့ဂုဏ်ပြု စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လက်ခံရယူသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်း နှင့် မွန်းလွဲပိုင်းတို့တွင် နေပြည်တော်(ရုံးချုပ်)ရှိ ဝန်ကြီးရုံး/ ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ ဝန်ထမ်းအင်အား (၁၁၂)ဦး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ်ဦးစီးမှူး ရုံးများမှ ဝန်ထမ်းအင်အား (၅၂၄)ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၆၃၆) ဦးတို့က သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။




