
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဇွန်လ (၁၅) ရက်၊ ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ အခမ်းအနားပထမပိုင်းအဖြစ် နံနက်(၆) နာရီတွင် ပျဉ်းမနားမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသော ပင့်သံဃာ ဆရာတော်(၅)ပါး ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိတ်သတ်များက ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာကြားကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီး ထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေကြပြီးနောက် ဆရာတော်ကြီးများအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနား ဒုတိယပိုင်းကို နံနက်(၉)နာရီခွဲတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံလွတ်လပ်ရေးမရခင်ကပင် နိုင်ငံ့သမိုင်းကြောင်းနှင့်ယှဉ်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ၊ နိုင်ငံသားမှတ်ပုံတင်ရေးဆိုင်ရာ နှင့် သန်းခေါင်စာရင်းဆိုင်ရာ ဌာနများကို အမျိုးမျိုးပြောင်းလဲဖွဲ့စည်းခဲ့ရာမှ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းကြောင့် ယင်းနေ့ကို မိမိတို့ဝန်ကြီးဌာန၏ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ဝန်ကြီးဌာနသည် (၃၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဌာန၏အဓိကလုပ်ငန်းတာဝန်ကြီး(၄)ရပ်ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီဖြစ်စေရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့အတွက် စက်ကိရိယာ၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်တို့ကို အဖက်ဖက်ကပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်နေကြရပါကြောင်း၊ လက်ရှိ နိုင်ငံတော်အစိုးရသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ပြည်သူများ၏ မဲပေးရွေးချယ်မှု နှင့်အညီ ရွေးချယ်တင်မြှောက်ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့အစိုးရဖြစ်တာနှင့်အညီ နိုင်ငံနှင့်ပြည်သူ့အကျိုးကိုရှေ့ရှု၊ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူအတွက် ချက်ချင်း လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းများကို ဝန်ကြီးဌာနများအလိုက် စီမံချက်များ ရေးဆွဲချမှတ် ဆောင်ရွက်နေချိန်လည်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ပြည်သူ့အတွက် “လမင်း စီမံချက်” ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ လမင်းစီမံချက်၏အဓိကဆောင်ရွက်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအတွက် မိမိတို့ဌာန မြို့နယ်ရုံးများ၌ ဆောင်ရွက်ပေးရန်၊ အသက်(၁၀) နှစ်ပြည့်ပြီး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးနှင့် ညှိနှိုင်း၍ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးရန်နှင့် နိုင်ငံသားကတ်ပြား ရရှိပြီးသူတွေကို e-ID စနစ်နဲ့ Biographic/ Biometric ကောက်ယူပြီး UID နံပါတ် ထုတ်ပေးရန်ဖြစ်ပါကြောင်း၊ အခြားသမားရိုးကျ ဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ်၌လည်း ပြည်သူ့အတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှုများ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချမှတ်၍ ရက်(၁၀၀) ကာလအတွင်း၌ ဝန်ကြီးဌာန၏ လမင်းစီမံချက်အဖြစ် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်နည်းတူ နှစ်ပတ်လည်နေ့ ဂုဏ်ပြုမှတ်တမ်းများ စုပေါင်းသွေးလှူဒါန်းပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ဇွန်လ ၁၂ ရက်နေ့တွင် တစ်ပြိုင်တည်း ကျင်းပခဲ့ပါကြောင်း၊ ထို့ပြင် ယခုအခမ်းအနားတွင် နိုင်ငံတော်ကချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်ရရှိကြသူများ၊ ထူးချွန်ဝန်ထမ်းများကို ချီးမြှောက်ဂုဏ်ပြုသကဲ့သို့ ဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအတွက် ပညာသင်ထောက်ပံ့ငွေကိုလည်း ဌာနအနေဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကို လက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကို လက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်းလုံး ညီညွတ်စွာ ဖြင့် ပြည်သူအားလုံးယုံကြည်ရသည့် ဝန်ထမ်းအဖြစ် ကြိုးပမ်းဆောင်၍ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှချီးမြှင့်သည့် စီမံထူးချွန်(ဒုတိယအဆင့်) ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် စီမံထူးချွန်နှင့် နည်းပညာထူးချွန် (တတိယအဆင့်)၊ လူမှုထူးချွန် (ဒုတိယအဆင့်) နှင့် ရဲဗလတံဆိပ် ရရှိကြသူများ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် သင်တန်းသားစံပြဆုရရှိခဲ့ကြသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးဇော်ထက်အောင်၊ ဒေါ်စုသက်တင်နှင့် ဌာနခွဲစာရေး ဦးအောင်သူထွေးတို့(၃)ဦးအား ပြည်ထောင်စုဝန်ကြီးက တစ်ဆင့်မြင့်ရာထူးများဖြစ်သည့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးနှင့် ရုံးအုပ်ရာထူးအဆင့် များကို အသီးသီးအပ်နှင်း တပ်ဆင်ပေး၍ အမိန့်စာနှင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများ၏ သားသမီး ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ငွေများနှင့် ကျောင်းသုံးစာရေးကိရိယာများကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် ကိုယ်စားလှယ် ကျောင်းသား၊ ကျောင်းသူများထံ အသီးသီးပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဂုဏ်ပြုဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ဝန်ထမ်းများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။




