ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား။

ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား။

၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၁၁ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန-၁ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားသံရုံများမှ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးညိုစောက ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ကိုယ်စား တက်ရောက်အမှာစကားပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို အစဉ်တစိုက် အလေးအနက်ထား ကျင်းပလာခဲ့သည်မှာ (၃၇)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ လူဦးရေပြောင်းလဲမှုဆိုင်ရာ အသိအမြင်၊ မူဝါဒနှင့် လက်တွေ့ဆောင်ရွက်မှုများကို လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိအောင် ပြန်လည်သုံးသပ်ရန်နှင့် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ပိုမိုထိရောက်အောင် အကောင်အထည်ဖော်ရန် အရေးပါသည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ကြောင်း။

လူဦးရေပြောင်းလဲမှု ဖြစ်စဉ်သည် ကုလသမဂ္ဂက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ကျန်းမာရေး ကောင်းမွန်ရေး၊ အရည်အသွေးရှိသည့် ပညာရေးရရှိရေး၊ ကျားမတန်းတူညီမျှရေး၊ သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်ဖန်တီးရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်အားကောင်းစေရေးတို့သည် လူဦးရေဖွဲ့စည်းမှုနှင့် လူဦးရေပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို နက်နက်ရှိုင်းရှိုင်း နားလည်ထားမှသာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မဟာဗျူဟာမြောက် ဆောင်ရွက်ရာတွင် မျက်မှောက်ကာလ လူဦးရေအခြေအနေ၊  အနာဂတ်ခန့်မှန်းချက်နှင့် ဒေသအလိုက် လူဦးရေကွာခြားချက်များကို မဖြစ်မနေ အလေးထားသုံးသပ်လုပ်ဆောင်ကြရန် လိုအပ်ကြောင်း။

တိကျမှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် နိုင်ငံတော်၏ နယ်မြေအသီးသီးရှိလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအခြေခံအချက်အလက်များ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်ရရှိရန် လိုအပ်ကြောင်း၊ သန်းခေါင်စာရင်း၊ စစ်တမ်းများနှင့် စာရင်းအင်းစနစ်များသည် အနာဂတ်မူဝါဒချမှတ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဦးစားပေးသတ်မှတ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရေး၊ ဒေသန္တရဖွံ့ဖြိုးရေးအစီအမံများ ရေးဆွဲချမှတ်ရေးတို့သည် အသက်တမျှအရေးပါသည့် အခြေခံအချက်အလက်များပင်ဖြစ်ကြောင်း။

လူဦးရေပြောင်းလဲမှုသည် မိမိတို့နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို မဟာဗျူဟာမြောက် ပြန်လည်ပုံဖော်နိုင်မည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရဌာနများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက လူ့ဂုဏ်သိက္ခာကို ဗဟိုပြုပြီး အခွင့်အရေးကိုအခြေခံသည့်၊ မျှတပြီးမျှော်လင့်ချက်ရှိသည့် လူမှုစီးပွားအသိုက်အဝန်းကောင်းတစ်ရပ်ကို အတူတကွ တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထိုနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် Animation Clip ကိုပြသပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အဖြစ် ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းငယ်များကို လှည့်လည်ကြည်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။