
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ဇူလိုင်လ (၉) ရက်၊ ယနေ့ညနေ (၃) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကိစ္စရပ်များ ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံအစိုးရအချင်းချင်း ဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် စာရင်းများအပေါ် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့မှုအခြေအနေအားစိစစ်ပြန်ကြားခဲ့မှု၊ ယင်းသို့ဆောင်ရွက်ရာတွင် ပေးပို့သည့်စာရင်းများအား စိစစ်ပြန်ကြားရန် ကြုံတွေ့ရသည့်အခက်အခဲများနှင့် အထောက်အထားအချက်အလက်များ ပြည့်စုံစွာပြုစုပေးပို့ရန်လိုအပ်မှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များနှင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအဆင်ပြေစေရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။




