ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်နှင့် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသို့ စစ်ဆေး၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး၌ လမင်းစီမံချက် ဆောင်ရွက်မှု ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်နှင့် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသို့ စစ်ဆေး၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး၌ လမင်းစီမံချက် ဆောင်ရွက်မှု ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံဆိပ်ကမ်း လှေဆိပ်နေရာနှင့် ဝမ်ပုံအပြည်ပြည်ဆိုင်ရာဝင်ထွက်မှုစစ်ဆေးရေးဂိတ်သို့ သွားရောက်ရာ ရှေးဦးစွာ ပြည်‌ထောင်စုဝန်ကြီးသည် ဝမ်ပုံဆိပ်ကမ်း လှေဆိပ်နေရာအနီးရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်(Border Pass)ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုူ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လက်ရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှု စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနအလိုက် တာဝန်ရှိသူများက မဲခေါင်မြစ်အတွင်း နိုင်ငံခြားရေယာဉ်များ ဆိုက်ကပ်လာပါက ဆောင်ရွက်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လက်ရှိအခြေအနေတွင် ရေယာဉ်များ ဝင်/ထွက်မှု၊ ရေကြောင်းအသုံးပြုခ ကောက်ခံဆောင်ရွက်မှုများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ - လာအို နှစ်နိုင်ငံပြည်သူများနှင့် အခြားနိုင်ငံသားများအနေဖြင့် နှစ်နိုင်ငံ ဝင်/ထွက်သွားလာရေး ခွင့်ပြုဆောင်ရွက်ပါက လိုအပ်မည့် လုပ်ငန်းအခြေအနေများကို  ကြိုတင်မျှော်တွေး  ဆောင်ရွက်ထားရှိရန်  မှာကြားကာ မဲခေါင်မြစ်ကမ်း ကမ်းစပ်တစ်လျှောက် ရေယာဉ်များ ဆိုက်ကပ်ထားရှိမှုနှင့် ကုန်တင်ကုန်ချ ဆောင်ရွက်ရန်နေရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယခုအခါ  လုပ်ငန်းဆောင်ရွက်မှုများနှင့် ဝင်/ထွက် သွားလာမှုူများ ရပ်ဆိုင်းထားသည့် ရွှေတြိဂံဒေသရှိ ရွှေတြိဂံပါရာဒိုက်စ် ဟိုတယ်အခြေအနေကိုလည်းကောင်း၊ တစ်ဘက်နိုင်ငံမှ ဟိုတယ်သို့  လာရောက်သည့်  ခရီးသည်များအား စစ်ဆေးဆောင်ရွက်သည့် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ် အခြေအနေကို လည်းကောင်း၊  မြန်မာ - ထိုင်း - လာအို (၃)နိုင်ငံဆုံရာ ရွှေတြိဂံလှေဆိပ်နှင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်ခြားမှတ်တိုင်အခြေအနေကိုလည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက  လုပ်ငန်းအခြေအနေများကို လိုက်လံရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ နားနေဆောင်ရှိ နိုင်ငံသားလုပ်ငန်းဆိုင်ရာ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လုပ်ငန်းဆိုင်ရာအခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအတွင်း၌ ဝန်ထမ်းများက ဒေသခံပြည်သူများ အား အကြောင်းအမျိုးမျိုးကြောင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီးသူများ၊ လဲလှယ်၊ မိတ္တူလျှောက်ထားသူများ၊ e-ID စနစ်ဖြင့် UID ကောက်ယူ ဆောင်ရွက်သူများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်များနှင့် အတိုး/အလျော့ စာရင်းများ လာရောက်ဆောင်ရွက်သူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးကာ ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို  ကာယကံရှင်ပြည်သူများထံ အသီးသီး ပေးအပ်ပြီး မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ သဘာဝဘေးနှင့် ပိုးမွှားအန္တရာယ် ကာကွယ်ရေးတို့အတွက် အမြဲမပြတ် စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့၊ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်၊ အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်သို့ ဖြတ်သန်း၍ တံတားနှင့် မယ်ဆိုင်ချောင်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားအဝင်၌ မြန်မာ-ထိုင်း နှစ်နိုင်ငံပြည်သူများ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်  (TBP) တို့ဖြင့် လည်းကောင်း၊ နိုင်ငံကူးလက်မှတ် (Passport) ဖြင့်လည်းကောင်း နှစ်နိုင်ငံဝင်/ထွက်သွားလာရာတွင် လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဝန်ထမ်းများ က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စိစစ်ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ချစ်ကြည်ရေးတံတားနှင့် BP/TBP ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်သည့် အဆောက်အဦတို့ကို ချိတ်ဆက်ဆက်သွယ်ထားသည့် လူကူးတံတားပေါ်မှ ဖြတ်သန်း၍ ယင်းအဆောက်အဦ၌ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများက ဒေသခံပြည်သူများအား BP/ TBP ထုတ်ပေးရေးလုပ်ငန်း  ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရုံးခန်းအတွင်းမှ CCTV ဖြင့် မှတ်တမ်းတင်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးအတွင်း မယ်ဆိုင်ချောင်းရေကြီး ရေလျှံမှုမှ ကာကွယ်တားဆီးရေးဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုူ စစ်ဆေးကာ  တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း  တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။