ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ တိုက်နယ်မှူးအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြား၊ သင်တန်းသားများ နှင့်အတူ နေ့လည်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ တိုက်နယ်မှူးအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြား၊ သင်တန်းသားများ နှင့်အတူ နေ့လည်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၂၆) ရက် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါ သင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တိုက်နယ်မှူးအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း (၁/၂၀၂၆) တွင် သင်တန်းနည်းပြများက သင်တန်းသားများအား ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများအား ပို့ချသည့်သင်တန်းစာများ သိရှိနားလည်မှုနှင့်ပတ်သက်၍ တစ်ဦးချင်းမေးမြန်းဆွေးနွေးပြီး မိမိတာဝန်ကျရာဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ပတ်သက်သည့် အခေါ်အဝေါ်နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ သိရှိနားလည်ရေးအတွက် လေ့လာမှတ်သား ဆောင်ရွက်ရေး၊ ဌာန၏ ဘာသာရပ်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပြင် တိုက်နယ်မှူးတစ်ဦးအနေဖြင့် လုပ်ငန်းလာရောက် ဆောင်ရွက်ကြသည့် ပြည်သူများအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ရုံးလုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ကြည်သာရွှင်ပြစွာ ရှင်းလင်းချပြနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်  ရှင်းလင်းမှာကြားကာ သင်တန်းနည်းပြများနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လည်စာကို လက်ရည်တစ်ပြင်တည်း အတူအကွ သုံးဆောင်ခဲ့ကြကြောင်းနှင့် အဆိုပါ တိုက်နယ်မှူးအဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းကို ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ တိုက်နယ်မှူးတာဝန် ထမ်းဆောင်ကြမည့် အမှုထမ်းဝန်ထမ်း သင်တန်းသား စုစုပေါင်း (၅၀) ဦးဖြင့် ဩဂုတ်လ (၃) ရက်မှ စက်တင်ဘာလ (၉) ရက်အထိ ရက်သတ္တ(၆)ပတ်ကြာ ဖွင့်လှစ်လျက်ရှိကြောင်း သတင်းရရှိသည်။